သက်သက်(နည်းပညာ)ဆိုဒ်သို့လာရောက်လည်ပတ်ကြသောသူငယ်ချင်းမိတ်ဆွေအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ ကျွန်တော်ကဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျ ကျွန်တော်စုဆောင်းထားတဲ့အထဲမှာမိတ်ဆွေတို့နှင့်အကြိုက်ချင်းတူချင်တူနိုင်ပါတယ်ခင်ဗျ ဆရာများထံမှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျ

Saturday, September 26, 2015

♪ ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ♫


စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲလို့ဒဏ်ရာ အနာတရ ရသွားတဲ့ အကြောင်းတွေကို သတင်းစာတို့ Facebook တို့မှာ ဖတ်ဖူးကြမှာပါ။ ယနေ့ခေတ် ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ ဖုန်းတွေရော အခြားကုမ္ပဏီတွေရဲ့ ဖုန်းတွေရော ပေါက်ကွဲတတ်တာကို သတိပြုမိမှာပါ။ ဒါဆိုရင် စာဖတ်သူတို့ရဲ့ ဖုန်းတွေရော သတိထားသင့်ပြီလား။ ဖုန်းဘက်ထရီ ပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး စာဖတ်သူ တို့ သေသေချာချာ သိရှိနိုင်ဖို့အတွက် အကြောင်းအရင်းများ၊ ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါ တယ်။


ဖုန်းဘက်ထရီတွေဟာ တ ကယ်ပေါက်ကွဲတတ်သလား။
စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲတဲ့ အကြောင်းတွေကို သတင်းတွေမှာ ဖတ်ရပေမယ့် ကိုယ့်မိတ်ဆွေတွေထဲမှာ တစ်ယောက်မှ အဲ့လိုမဖြစ်ဖူးတော့ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်မိမှာပါပဲ။ စာဖတ်သူအနေနဲ့ သံသယဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပါတယ်။ အကြောင်းကတော့ ထုတ်လုပ်သူရဲ့ အမှားကြောင့် ဖုန်းဘက်ထရီတွေ အကြောင်းမရှိဘဲ ပေါက်ကွဲတာဟာ ရှားပါးလို့ပါပဲ။ ဖုန်းဘက်ထရီတွေ ပေါက်ကွဲတတ်တာ အမှန်ပင်ဖြစ်ပေမယ့် အကြောင်းတစ်စုံ တစ်ရာမရှိဘဲ သူ့အလိုလိုပေါက် ကွဲနိုင်ခြေဟာ အပုံ ၁.၈၇၅ သန်းပုံမှ တစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ဈေးပေါတဲ့ ဘက်ထရီတွေသုံးတာ၊ အားအလွန်အကျွံသွင်းတာ (over charging) စတဲ့ အမှားတွေကို သုံးစွဲသူက ပြုလုပ်မိရင်တော့ ဖုန်းဘက်ထရီတွေ ပေါက်ကွဲနိုင်ခြေက ပိုများလာပါတယ်။ ဒါကြောင့်စာ ဖတ်သူအနေနဲ့ မိမိဖုန်းဘက်ထရီကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဖုန်းဘက်ထရီတွေ ဘာကြောင့် ပေါက်ကွဲတာလဲ။
ဖုန်းဘက်ထရီ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ဖြစ်စဉ်တွေ များစွာရှိပါတယ်။ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲ တာနဲ့ လျှပ်စီးပတ်လမ်းတို (short circuit) ဖြစ်လို့ ပေါက်ကွဲတာကတော့ အတွေ့ရ အများဆုံးပါပဲ။ lithium ion ဘက်ထရီတွေဟာ ဖုန်းတွေ အထူပြိုင်လာကြတော့ တဖြည်းဖြည်း ပိုပိုပါးလွှာလာပါတယ်။ အဲ့ဒီတော့ သူတို့ထဲက အဖိုတိုင် (cathode) နဲ့ အမတိုင် (anode) တို့ဟာ ပိုပိုပြီးနီးလာပါတယ်။ သူတို့ကို အလွန်ပါးလွှာတဲ့ အကာလေးနဲ့သာ ခြားထားတာပါ။ အကြောင်းတစ်ခုခုကြောင့် (ဥပမာ အရှိန်ပြင်းပြင်း လွတ်ကျလို့) အဲ့ဒီအကာလေးပျက်သွားရင် အပူလွန်ကဲမှုတွေဖြစ်ပြီး ဘက်ထရီ ပေါက်ကွဲတတ်ပါတယ်။ စံချိန်စံညွှန်းအတိုင်း မထုတ်လုပ်ထားတဲ့ ဘက်ထရီတွေမှာ ဒီပြဿနာအများဆုံး တွေ့ရတတ်ပါတယ်။

ဒါ့အပြင် ဖုန်းဘက်ထရီတွေမှာ 'thermal runaway' ဆိုတဲ့ ဖြစ်စဉ်တစ်ခုရှိပါတယ်။ အဲ့ဒီဖြစ်စဉ်ရဲ့ သဘောကအကယ်၍ ဘက်ထရီဟာ အပူစွမ်းအင် အပိုတွေရလာရင် အဲ့ဒီအပူတွေဟာ ပိုများတဲ့အပူကို ဖြစ်စေပါတယ်။ အဲ့ဒီအပူကလည်း ပိုပိုများတဲ့အပူကို ထပ်ဖြစ်စေပြန်တယ်။ ဒီလိုအပူတွေ ဆတိုးသွားတာကြောင့် နောက်ဆုံးမှာ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲတော့တာပါပဲ။ အားအလွန်အကျွံ သွင်းတဲ့အခါမှာ ဒီလို ဖြစ်စဉ်မျိုး ပေါ်ပေါက်တတ်ပါတယ်။ ဒါ့အပြင် လွတ်ကျလို့ဖြစ်ဖြစ်၊ ရေဝင်လို့ဖြစ်ဖြစ် ဖုန်းထဲက လျှပ်စစ်ပတ်လမ်းမှာ short circuit  ဖြစ်နေခဲ့ရင်လည်း အပူလွန်ကဲပြီး ပေါက်ကွဲတတ်ပြန်ပါတယ်။

ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
(၁)။ Original Manufacturer ကထုတ်တဲ့ ဘက်ထရီကိုသာ သုံးပါ။
ဖုန်းဘက်ထရီပေါက်ကွဲမှု အများစုရဲ့ အဓိကအကြောင်း အရင်းကတော့ original  manufacturer က ထုတ်တဲ့ ဘက်ထရီကို မသုံးလို့ပါဘဲ။ ဈေးပေါတဲ့ ဘက်ထရီတွေဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားခြင်း ရှိမရှိမသေချာပါဘူး။ ဒါကြောင့် စိတ်မချရပါဘူးလို့ ကျွမ်းကျင်သူများက သတိပေးကြပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဘက်ထရီဝယ်မယ်ဆိုရင် original manufacturer က ထုတ်တဲ့ ဘက်ထရီကိုသာ ဝယ်သုံးသင့်ပါတယ်။

(၂)။ Original charger နဲ့သာ အားသွင်းပါ။
စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီအားလုံးက သုံးစွဲသူတွေကို သက်ဆိုင်ရာ original charger ကိုသာသုံးကြဖို့ သတိပေးလေ့ ရှိပါတယ်။ ဒီလိုပြောတာဟာ သူတို့ထုတ်တဲ့ accessory  တွေကို များများရောင်းရအောင်လို့ မဟုတ်ပါဘူး။ Charger တွေရဲ့ output  က တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အဲ့ဒါကြောင့် ဖုန်းတစ်လုံးကို တခြားကုမ္ပဏီက ထုတ်တဲ့ charger နဲ့သွင်းရင် အပူလွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ ကုမ္ပဏီချင်း အတူတူတောင်မှ အမျိုးအစား မတူတဲ့ charger နဲ့ သွင်းမိရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ iPad charger ရဲ့ output က 2.1 A ရှိပြီး iPhone charger ရဲ့ output  က 1 A ရှိပါတယ်။ တကယ်လို့ iPhone ကို iPad charger နဲ့ အားသွင်းရင် iPhone မှာ အပူချိန်မြင့် တက်လာပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ Apple ကလည်း ဒီလိုဖြစ်လာနိုင်ကြောင်းကို အတည်ပြုထားပါတယ်။

(၃)။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပါ။
စာဖတ်သူအနေနဲ့ အိပ်ယာပေါ်မှာ ဖုန်းကိုအားသွင်းနေရင်း အိပ်ပျော်သွားဖူးပါသလား။ ဒါဆို နောက်မလုပ် မိအောင် သတိထားပါတော့။ အိပ်ပျော်နေတုန်းမှာ ဖုန်းဟာခေါင်းအုံးအောက် စောင်အောက်ကို ရောက် သွားရင် အပူလွန်ကဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဖုန်းဘက်ထရီတွေဟာ အားသွင်းနေတဲ့အချိန်မှာ အပူပိုထွက်ပါတယ်။ အဲ့ဒီအပူတွေ အဆမတန် မများလာဖို့အတွက် ဖုန်းကို အားသွင်းနေချိန် မှာ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးဖို့လိုပါတယ်။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကိုတစ်ခုခုနဲ့ အုပ်ထားတာ၊ အပူထုတ်နေတဲ့ ပစ္စည်းတွေ (ဥပမာ - မီးဖို) အနားမှာထားတာ၊ အလွန်ပူနေတဲ့နေရာ (ဥပမာ - နေရောင်တိုက်ရိုက် ကျနေတဲ့ အလုံပိတ်ကား) မှာ ထားတာတွေကို သတိထားပြီး ရှောင်ရပါမယ်။

(၄)။ အားသွင်းနေတုန်း ဖုန်းကိုအလွန်အကျွံ မသုံးပါနဲ့။
Clash of Clans, Candy Crush Saga စတဲ့ အားအရမ်းစားတဲ့ app တွေကို အားသွင်းနေတုန်း သုံးနေတာကလည်း ဘက်ထရီ ပေါက်ကွဲမှုတွေ ဖြစ်စေတတ်ပါတယ်။ Wi-Fi  Tethering လုပ်တာ၊ ဖုန်းလိုင်းမမိတဲ့နေရာမှာ ကွန်ရက်ရှာဖွေနေတာ စတာတွေကိုလည်း မလုပ်မိဖို့ သတိထားရပါမယ်။ ဖုန်းအားသွင်းနေတုန်း ဖုန်းလာရင် အားသွင်းတာရပ်ပြီးမှ ဖုန်းကိုင်ဖို့လည်း သတိထားရပါမယ်။

(၅)။ Overcharging မလုပ်မိအောင် ဂရုစိုက်ပါ။
Overcharging လုပ်တာကြောင့် ဖုန်းဘက်ထရီတွေ ပေါက်ကွဲမှုရှိမရှိ အခုထိငြင်းခုံနေကြ တုန်းပါပဲ။ အချို့ကျွမ်းကျင်သူတွေကတော့ overcharging ဟာ ဘက်ထရီပေါက်ကွဲမှု မဖြစ်စေနိုင်ပါဘူးလို့ အခိုင်အမာ ပြောကြပါတယ်။ အကြောင်းကတော့ အခုခေတ် lithium ဘက်ထရီတွေမှာပါတဲ့ sensor တွေက ဖုန်းအားပြည့်သွားရင် အားသွင်းနေတာကို အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိနေလို့ပါတဲ့။ တချို့ကလည်း overcharge လုပ်တာက အန္တရာယ်များတယ်လို့ ပြောကြပြန်ပါတယ်။ The Digital Media Mom ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာကတော့ သမာသမတ်အကျဆုံးပါပဲ။ ဘက်ထရီတွေမှာ sensor တွေ fuse တွေ ဘယ်လောက်ထားထား အဲ့ဒါတွေဟာ အပူကြောင့်ဖြစ်ဖြစ်၊ ဖုန်းလွတ်ကျလို့ဖြစ်ဖြစ်၊ စက်ရုံကသေသေချာချာ မလုပ်လို့ဖြစ်ဖြစ် အလွယ်တကူ ပျက်စီးနိုင်ပါတယ်တဲ့။ အဲ့လိုပျက်စီးသွားရင် overcharging ကို ကာကွယ်နိုင်စွမ်း မရှိတော့ဘဲ ဘက်ထရီ အပူလွန်ကဲမှုတွေ ဖြစ်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် overcharge မလုပ်တာ အကောင်းဆုံးပါပဲလို့ အဲ့ဒီဝက်ဘ်ဆိုက်က ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း မိမိဖုန်းကို overcharge မလုပ်မိအောင် သတိထားတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုပါတယ်။

(၆)။ ဖုန်းထဲ ရေဝင်သွားရင် Service Center မှာပြပြီးမှ အသုံးပြုပါ။
ဖုန်းရေစိုသွားရင် ကိုယ့်ဘာသာ ခြောက်သွေ့အောင်လုပ်လိုက်ရင် ပြီးတာပဲလို့ စာဖတ်သူထင်မိမှာပါ။ ဟုတ်ကဲ့။ ကိုယ့်ဘာသာ ခြောက်သွားအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဖုန်းထဲမှာ short circuit (လျှပ်စီးပတ်လမ်းတို) တွေ ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဖုန်းအတွင်းထဲမှာ ရေတွေကျန်နေခဲ့ရင် အဲ့လိုဖြစ်တတ်ပါတယ်။ Short circuit တွေဟာ ဖုန်းအပူလွန်ကဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲရေဝင်သွားရင် ဆိုင်ပို့လိုက်တာသာ အကောင်းဆုံးပါပဲ။

(၇)။ ဖုန်းလွတ်ကျ သွားပြီးရင်လည်း သတိထားပါ။
ဖြည်းဖြည်းလေး လွတ်ကျသွားရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အမြင့်ကနေ ပြင်းပြင်းထန်ထန် ပြုတ်ကျ ရင်တော့ သတိထားရပါမယ်။ အမြင့်ကြီးကနေကျပေမယ့် ဘာမှမဖြစ်တဲ့အခါလည်း ရှိပါတယ်။ အဲ့လိုအခါမှာ ချက်ချင်းဝမ်းမသာ သွားပါနဲ့ဦး။ ဖုန်းကို နဂိုအတိုင်း သုံးလို့ရနေပေမယ့် ဖုန်းရဲ့အတွင်းအစိတ် အပိုင်းအချို့ ပဲ့သွားကျိုးသွားတာတွေ ရှိနိုင်လို့ပါပဲ။ အဲ့လိုကျိုးပဲ့တာကနေ short circuit ဖြစ်ပြီး အပူလွန်ကဲ မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဖုန်းကိုလွတ်မကျအောင် ဂရုစိုက်ပါ။ တကယ်လို့ အမြင့်ကနေကျ သွားရင်လည်း Service Center မှာ သေသေချာချာ စစ်ဆေးပြီးမှ ဆက်သုံးပါ။

(၈)။ ဘက်ထရီ မကောင်းတော့ ရင်လဲပါ။
ကိုယ့်ဖုန်းက ဘာမှထိခိုက်ထားတာလဲ မရှိဘူး။ လွတ်ကျတာလည်း မရှိဘူး။ ဒါပေမဲ့အားက သိပ်မခံချင်ဘူး။ ဂိမ်းတွေဘာတွေ မဆော့တာတောင် အရင်လောက် ကြာကြာမခံဘူး။ ဒီလို အခြေအနေမျိုး စာဖတ်သူတို့ ကြုံဖူးမှာပါ။ အဲ့ဒီအချိန်မှာ ဘက်ထရီအသစ် လဲလိုက်တာသာ အကောင်းဆုံးပါပဲ။ အဲ့လိုမျိုးတွေ မဖြစ်ရင်တောင်မှာ စာဖတ်သူရဲ့ ဖုန်းဘက်ထရီဟာ removable ဖြစ်မယ်ဆိုရင် တစ်နှစ်တစ်ကြိမ်တော့ လဲသင့်ပါတယ်။ သက်တမ်းကြာနေတဲ့ ဘက်ထရီဟောင်းတွေဟာ စွမ်းဆောင်ရည် လျော့ကျပြီး အပူလွန်ကဲမှုတွေ ဖြစ်ပေါ်နိုင်လို့ပါပဲ။

စာဖတ်သူအနေနဲ့ အထက်ကအချက်တွေကို လိုက်နာပြီး ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို မဖြစ်ပွားအောင် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။

Ref : m.ba-bamail.com,yahoo.com,thedroidguy.com,digitaltrends.com, androidpit.com, dmediamom.com

Credit to ==> Internet Journal
http://www.mssk.info

No comments:

Post a Comment